ဒေါ်စိုးစိုးဝင်းသည် ဘဏ်လုပ်ငန်းကဏ္ဍတွင် နှစ်ပေါင်း ၃၁ နှစ်ကျော် အတွေ့အကြုံရှိသူဖြစ်ပြီး စတင်တည်ထောင် ခဲ့စဉ်ကပင် ပထမပုဂ္ဂလိကဘဏ်တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်ပါသည်။ ၁၉၉၁ ခုနှစ်တွင် ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ (B.Com) ဘွဲ့ကိုရရှိခဲ့ပြီးနောက် ဘဏ်လုပ်ငန်းကဏ္ဍတွင် သူမ၏ ထူးခြားပြောင်မြောက်သည့် အသက်မွေးဝမ်းကြောင်းမှု လုပ်ငန်းကို စတင်အခြေချခဲ့ပါသည်။
ဘဏ်လုပ်ငန်းကဏ္ဍတွင် ၃၁ နှစ်ကျော်ကြာ မယိမ်းမယိုင် မတိမ်းမစောင်း တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ်စိုးစိုးဝင်းသည် စတင်တည်ထောင်ခဲ့သည့် ၁၉၉၁ ခုနှစ်မှစ၍ ပထမပုဂ္ဂလိကဘဏ်၏ အောင်မြင်မှုခရီးလမ်းတစ်လျှောက်တွင်အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါသည်။
ပထမပုဂ္ဂလိကဘဏ်တွင် တာဝန်ထမ်းဆောင်းစဉ်ကာလတစ်လျှောက် စာရင်းကိုင်ရာထူးမှစတင်၍ အကြီးတန်း စီမံခန့်ခွဲမှုအဆင့်ရာထူးအထိ ကဏ္ဍအသီးသီးတွင် တစ်စိုက်မတ်မတ် ကျရာတာဝန်များတွင် ကျွမ်းကျင်မှုများဖြင့် အရေးပါသော မှတ်တိုင်များအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဒေါ်စိုးစိုးဝင်းသည် လက်ရှိအားဖြင့် ချေးငွေအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ဘဏ်ချေးငွေလုပ်ငန်းကို ကြီးကြပ်ရန်အတွက် ၎င်း၏အတွေ့အကြုံများစွာကိုအသုံးချကာ ကြီးကြပ်ဆောင်ရွက်လျက် ရှိပါ သည်။ သူမ၏ ခေါင်းဆောင်မှုသည် ဘဏ်၏ချေးငွေလုပ်ငန်း တိုးတက်မြှင့်တင်ရေးအတွက် များစွာ အထောက် အကူပြုလျက်ရှိပါသည်။
ဒေါ်စိုးစိုးဝင်းသည် ဘဏ်ချေေးငွေလုပ်ငန်းဆိုင်ရာ အသိပညာကို ပြောင်းလဲမှုများအညီ သိရှိနားလည်စေရန် ထိပ်တန်း ငွေရေးကြေးရေးအဖွဲ့အစည်းများမှ ပံ့ပိုးကျင်းပပေးသော ချေးငွေဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများစွာ တွင် တက်ကြွစွာ ပါဝင်တက်ရောက်ခဲ့ပါသည်။ သူမ၏အသက်မွေးဝမ်းကြောင်းခရီးသည် သူမ၏ ကိုယ်ရေးကိုယ်တာအောင်မြင်မှုများကို သာမက ပထမပုဂ္ဂလိကဘဏ်၏တိုးတက်အောင်မြင်မှုကို သက်ပြရာလည်း ရောက်ပါသည်။
ဒေါက်တာအောင်မင်း သည် ပထမပုဂ္ဂလိဘဏ် ၏ အိုင်တီနည်းပညာ အမှုဆောင်အရာရှိချုပ် အဖြစ် လက်ရှိ တာဝန်ထမ်းဆောင်နေပါသည်။ ဘဏ်၏အနာဂတ် ပိုမိုခိုင်မာစေရန်အတွက် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်း ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှု ကို ဦးဆောင်နေပါသည်။
ဒေါက်တာအောင်မင်း သည် ရန်ကုန် နည်းပညာ တက္ကသိုလ် မှ အင်ဂျင်နီယာဘွဲ့၊ သြစတြေးလျနိုင်ငံ ဆစ်ဒနီ တက္ကသိုလ်မှ မဟာအင်ဂျင်နီယာဘွဲ့၊ ဩစတြေးလျနိုင်ငံ ကွင်းစလန်းတက္ကသိုလ်မှ အင်ဂျင်နီယာပါရဂူဘွဲ့တို့ကို ရရှိထားပါသည်။
ဒေါက်တာအောင်မင်းသည် အိုင်တီ နှင့် အသုံးပြုသူ ဝန်ဆောင်မှုလုပ်ငန်း အတွေ့အကြုံ (၁၇) နှစ် ကျော် ရှိပါ သည်။ သူ၏ လုပ်သက် အတွေ့အကြုံများတွင် ဆော့ဖ်ဝဲရေးသားခြင်း၊ စီးပွားရေးလုပ်ငန်းအား သုံးသပ်ခြင်း၊ ပင်မဘဏ်လုပ်ငန်းစနစ်များ အကောင်အထည်ဖော်ခြင်း၊ စနစ်ဟောင်းမှ စနစ်သစ်သို့ သတင်းအချက်အလက် များ ရွှေ့ပြောင်းခြင်း၊ စနစ်အသုံးပြုသူများ၏ အခက်အခဲများကို ဖြေရှင်းပေးခြင်းမှသည် အိုင်တီစီမံကိန်းများ အား စီမံခန့်ခွဲခြင်းတို့အထိ ပါဝင်ပါသည်။
ဒေါက်တာအောင်မင်းသည် အိုင်တီနယ်ပယ်သို့ အလုပ်သင်ပရိုဂရမ်မာအဖြစ် ဇွန် ၁၉၉၈ တွင် စတင် ဝင်ရောက် ခဲ့ပါသည်။ ပထမပုဂ္ဂလိဘဏ်တွင် အိုင်တီဌာနမှုး အကြီးအကဲအဖြစ် စက်တင်ဘာလ ၂၀၁၄ တွင် စတင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်း လေ့လာ စိတ်ဝင်စားသော အိုင်တီပညာရပ်များတွင် စီမံကိန်းစီမံခန့်ခွဲမှု၊ ပင်မဘဏ်လုပ်ငန်းစနစ်၊ ဒစ်ဂျစ်တယ်ဘဏ်ဝန်ဆောင်မှု၊ ငွေပေးချေမှုစနစ်နှင့် ဗဟိုဘဏ်သတ်မှတ်ချက် လိုက်နာဆောင်ရွက်မှုအစီရင်ခံခြင်း တို့ပါဝင်ပါသည်။
ဒေါ်မိမိနိုင်သည် ပထမပုဂ္ဂလိကဘဏ်တွင် ဘဏ်ခွဲတာဝန်ခံအဆင့်မှ ဘဏ္ဍာရေးပိုင်းဆိုင်ရာအကြီးအကဲအဆင့် တိုင်သည်အထိ ၂၈ နှစ်ကျော် တစ်ဆက်တည်းလုပ်ကိုင်ခဲ့သူဖြစ်ပါသည်။ သူမသည် ၂၀၁၇ ခုနှစ်တွင် Master of Banking and Finance မဟာဘွဲ့ကို ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ရရှိခဲ့ပါသည်။ ဘဝတစ်လျှောက်လုံးတွင် သူမ၏ပညာရေးကိုသာ အကောင်းဆုံးဖြစ်စေရန် ရည်ရွယ်ချက်ထားခဲ့ရာ စီးပွားရေးပညာနှင့် စာရင်းအင်း ဆိုင်ရာ ပညာဂုဏ်ထူးတန်းဘွဲ့ကို စီးပွားရေးတက္ကသိုလ်မှ ၁၉၉၅ ခုနှစ်တွင် ရရှိခဲ့ပြီး ယူကေနိုင်ငံမှ ချီးမြှင့်သည့် Certificate of Documentary Credit Specialist (CDCS) လက်မှတ်ကို ၂၀၁၆ ခုနှစ်တွင် ရရှိခဲ့ပါသည်။
၁၉၉၅ ခုနှစ်တွင် ပထမပုဂ္ဂလိကဘဏ်တွင် အလုပ်ဝင်ရောက်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်အထိ ဒေါ်မိမိနိုင်သည် ဘဏ်ခွဲလုပ်ငန်းဆောင်ရွက်မှုများတွင် တမူထူးခြားသည့် သူမ၏ ခေါင်းဆောင်နိုင်မှုစွမ်းရည်ကို ပြသနိုင်ခဲ့ပါသည်။ သူမအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့ရာတွင် နေ့စဉ်လုပ်ငန်းတာဝန်များအပြင် အဖွဲ့အလိုက်ခေါင်းဆောင်နိုင်မှု စွမ်းရည်နှင့် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများနှင့် ခိုင်မာသည့်ဆက်ဆံရေးကိုပါ တိုးတက်အောင် စွမ်းဆောင် နိုင်ခဲ့ပါသည်။ ဒေါ်မိမိနိုင်သည် ကော်ပိုရိတ်လှေကားထစ်များအား တစ်ထစ်ခြင်းတက်လှမ်းလာခဲ့ရာ ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အထိ နိုင်ငံတကာဘဏ်လုပ်ငန်းဌာနတွင် အထွေထွေမန်နေဂျာရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ ပါသည်။
ထိုသို့ တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း သူမသည် မိတ်ဖက်နိုင်ငံတကာဘဏ်များနှင့် အဆက်အသွယ်များ တည်ဆောက်ခြင်းနှင့် ခိုင်မြဲစေရေးတို့အတွက် အဓိကထားဆောင်ရွက်ခဲ့သည့်အပြင် တစ်ဘက်တွင် နိုင်ငံတကာ ဘဏ်လုပ်ငန်းဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရင်း နယ်စပ်ဖြတ်ကျော်ငွေရေးကြေးရေး ဆောင်ရွက်မှုများကိုလည်း ထိထိရောက်ရောက် ကြီးကြပ်ကွပ်ကဲဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ်မှ ယနေ့တိုင် Chief Financial Officer အဖြစ် တာဝန်ယူဆောင်ရွက်စဉ် အရေးပါသည့် အပြောင်းအလဲကာများအတွင်း ဒေါ်မိမိနိုင်သည် ငွေရေးကြေးရေးဆိုင်ရာမဟာဗျူဟာအစီအစဉ်များကို ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။ သူမမှ ခိုင်မာသည့် ငွေရေးကြေးရေးဆိုင်ရာထိမ်းချုပ်မှုများနှင့် မဟာဗျူဟာကျသည့် အစီအမံများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းကြောင့် ဘဏ်၏ ငွေရေးကြေးရေးဆိုင်ရာစွမ်းဆောင်မှုများကို သိသိ သာသာ တိုးတက်ကောင်းမွန်လာစေခဲ့ပါသည်။
ဦးမျိုးမင်းချိုသည် ဘဏ်လုပ်ငန်းကဏ္ဍတွင် နှစ်ပေါင်း ၂၆ နှစ်ကျော် အတွေ့အကြုံရှိသူတစ်ဦးဖြစ်ပြီး ပထမ ပုဂ္ဂလိကဘဏ်လီမိတက်တွင် စာရင်းကိုင်အဆင့်မှအစပြု၍ ဒုတိယအမှုဆောင်အရာရှိချုပ်ရာထူးအထိ တိုးမြှင့်ရရှိ ထားသူဖြစ်ပါသည်။ ဦးမျိုးမင်းချိုသည် သိပ္ပံ (သင်္ချာ) ဘွဲ့ကို ၁၉၉၄ခုနှစ်တွင် ပုသိမ်တက္ကသိုလ်မှရရှိခဲ့ပြီး သင်္ချာ ဘာသာရပ်ကို မဟာသိပ္ပံဘွဲ့(ကျမ်းပြု)အထိ တက်ရောက်ခဲ့ပါသည်။ ၂၀၂၅ခုနှစ်တွင် Master of Business Administration (M.B.A) မဟာဘွဲ့ကို General Management အထူးပြုဘာသာရပ်ဖြင့် European International University (EIU-Paris) မှ ရရှိခဲ့ပါသည်။
၁၉၉၇ ခုနှစ်၊ မတ်လတွင် ပထမပုဂ္ဂလိကဘဏ်၊ ဘဏ်ခွဲတစ်ခုတွင် စာရင်းကိုင်အဖြစ် စတင်အလုပ်ဝင်ရောက်ခဲ့ရာမှ ဦးမျိုးမင်းချို၏ တည်ငြိမ်စွာ တိုးတက်မှုရရှိခဲ့သည့် ကျွမ်းကျင်ပညာရှင်ဘဝ အစပြုခဲ့ပါသည်။ ဦးမျိုးမင်းချိုသည် ၁၉၉၈ ခုနှစ်၊ ဧပြီလတွင် အကြီးတန်းစာရင်းကိုင်ရာထူးသို့ တိုးမြှင့်ခံရပြီး စာရင်းဌာနတွင် တာဝန်ထမ်းဆောင် ခဲ့ပါသည်။ ထို့နောက် ၂၀၁၀ ခုနှစ်တွင် လက်ထောက်အထွေထွေမန်နေဂျာရာထူးသို့ တိုးမြှင့်ခြင်းခံခဲ့ရပြီး ဘဏ်ခွဲ တာဝန်ခံမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ အထူးသဖြင့် ၂၀၁၅ ခုနှစ်၊ မေလတွင် ဒုတိယအထွေထွေ မန်နေဂျာရာထူးသို့ တိုးမြှင့်ခြင်းခံခဲ့ရပြီး Mobile Banking ဌာနကို တာဝန်ယူ ကြီးကြပ်ခဲ့ရပါသည်။ သူ၏ တာဝန် ထမ်းဆောင်မှု ဆက်လက် တိုးမြင့်လာခဲ့ရာ၂၀၁၆ ခုနှစ်မှစ၍ ဦးမျိုးမင်းချိုသည် အထွေထွေမန်နေဂျာရာထူးသို့ တိုး မြှင့်ခံခဲ့ရပြီး Mobile Banking ဌာနအပြင် ဘဏ်ခွဲ ၈ ဘဏ်ကိုပါ တစ်ပြိင်တည်း တာဝန်ယူကြီးကြပ်ကွပ်ကဲခဲ့ရပါ သည်။ သူ၏ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ မေလအထိ လုပ်ငန်းပိုင်းဆိုင်ရာအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ လက်ရှိတွင် ဦးမျိုးမင်းချိုသည် ပထမပုဂ္ဂလိက ဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
တာဝန်ထမ်းဆောင်ခဲ့မှုတစ်လျှောက်တွင် ဦးမျိုးမင်းချိုသည် ဘဏ်လုပ်ငန်းနှင့် သက်ဆိုင်သည့် ဆွေးနွေးပွဲများနျင့် အလုပ်ရုံဆွေးနွေးပွဲများကို ပါဝင်တက်ရောက်ခဲ့ပြီး အောင်လက်မှတ်များစွာ ရရှိခဲ့ပါသည်။ ၂၀၀၂ ခုနှစ်တွင် ဂျပန် နိုင်ငံမှ ကြီးမှူးဖွင့်လှစ်သော Financial Information Systems In Asia and Pacific ကို တက်ရောက်အောင်မြင်ခဲ့ ပြီး The Center for Financial Industry Information systems (FISC) မှ ချီးမျြင့်ခဲ့သည့် အောင်လက်မှတ်ကို ရရှိခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် Myanmar Institute of Banking မှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် Trade Product Course နှင့် RMB Cross Border Trade Course သင်တန်းများကို တက်ရောက်အောင်မြင်ခဲ့ပါသည်။ ထို့အပြင် ၂၀၁၇ ခုနှစ်တွင် Siam Commercial Bank PCL မှ ကြီးမှူး၍ Thammasat Business School မှ ဖွင့်လှစ်သည့် Leadership Program for Young Executives အစီအစဉ်တွင်လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။
ဦးသူရသည် မကြာသေးမီကမှ ပထမပုဂ္ဂလိကဘဏ်အများပိုင်ကုမ္ပဏီလိမိတက်တွင် အမှုဆောင်အရာရှိချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သူသည် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးနယ်ပယ်တွင် နှစ်ပေါင်း ၃၀ ကျော် အတွေ့အကြုံရှိခဲ့သူ ဖြစ်ပါသည်။ ၁၉၈၈ ခုနှစ်တွင် B. Com ဘွဲ့ကို Banking and Management Science ဘာသာတွဲဖြင့် ရရှိခဲ့ပြီး ၁၉၉၂ ခုနှစ်၊ မတ်လတွင် နိုင်ငံပိုင်ဘဏ်ကြီးဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်၌ လက်ထောက်မန်နေဂျာရာထူးဖြင့် စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မြန်မာ့စီးပွားရေးဘဏ်တွင် တာဝန် ထမ်းဆောင်နေစဉ် ၂၀၀၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံ၌ မဟာဘွဲ့သင်တန်းတက်ရောက်ရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှချီးမြှင့်သည့် ပညာသင်ဆုကိုရရှိခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ National Graduate Institute for Policy Studies (GRIPS) မှ Master of Public Policy (MPP) ဘွဲ့ကို ရရှိခဲ့ ပါသည်။
ဦးသူရသည် မြန်မာ့စီးပွားရေးဘဏ်တွင် ရာထူးတာဝန်အဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ရာ ၂၀၀၈ ခုနှစ်တွင် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်) သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခြင်းမပြုမီ ရန်ကုန်တိုင်းဒေသ ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တိုင်းဒေသကြီးမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့နောက် ရုံးချုပ်၊ စီမံခန့်ခွဲရေးဌာန၊ ချေးငွေကြီးကြပ်ကွပ်ကဲရေးဌာနနှင့် သုတေသန၊ လေ့ကျင့်ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနတို့တွင် လက်ထောက်အထွေထွေမန်နေဂျာရာထူးဖြင့် အသီးသီးတာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ မေလ တွင် မြန်မာ့စီးပွားရေးဘဏ်မှ နှုတ်ထွက်ခဲ့ပါသည်။ ဦးသူရသည် မြန်မာ့စီးပွားရေးဘဏ်တွင် တာဝန်ထမ်းဆောင် ခဲ့စဉ် ပြည်တွင်း၊ ပြည်ပနိုင်ငံများတွင် ပို့ချခဲ့သည့် သင်တန်းများ၊ ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများအား တက်ရောက်ခဲ့ပါသည်။
မြန်မာ့စီးပွားရေးဘဏ်မှ နှုတ်ထွက်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လမှ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအထိ ကိုရီးယားနိုင်ငံ၏ ဦးဆောင် ကူးသန်းရောင်းဝယ်ရေးဘဏ်ကြီးတစ်ဘဏ်ဖြစ်သည့် Woori Bank ၏ ရန်ကုန် ကိုယ်စားလှယ်ရုံးခွဲတွင် Chief Representative အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့ပြင် ဦးသူရသည် အသေး စားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်တွင် အမှုဆောင်အရာရှိချုပ်အဖြစ် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအထိ ၂ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။