ဦးသက်ဆွေသည် အစိုးရလုပ်ငန်းနှင့် ကုမ္ပဏီ စီးပွားရေးလုပ်ငန်းမျိုးစုံတွင် စာရင်းစစ်၊ စာရင်းကိုင်မှ အစပြု ၍ Admin & HR Manager၊ စက်ရုံမှူး၊ အထွေထွေမန်နေဂျာ၊ ဘဏ္ဍာရေးအရာရှိချုပ်၊ Chief Audit Executive မှသည် အမှုဆောင် ဒါရိုက်တာနှင့် အမှုဆောင်အရာရှိချုပ် ရာထူးအထိ (၃၆) နှစ် ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ ပညာအရည်အချင်းအနေဖြင့် (၁၉၈၄) ခုနှစ်တွင် ဝါဏိဇ္ဇဗေဒဘွဲ့ (B.Com) ကို လည်းကောင်း၊ (၂၀၁၂) ခုနှစ်တွင် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (MBA) ကို လည်းကောင်း၊ (၂၀၁၆) ခုနှစ်တွင် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာ မဟာဘွဲ့ (MBF) ကို လည်းကောင်း ရရှိထားသူဖြစ်ပါသည်။

ယခုအခါ Tay Za Powell – TZP Financial and Management Consulting Firm ကိုတည်ထောင်ကာ Founder & Chief Consultant အဖြစ် တာဝန်ယူလျက် လုပ်ငန်းနယ်ပယ်မတူသော စီးပွားရေးလုပ်ငန်းများတွင် အတိုင်ပင်ခံလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စီးပွားရေးလုပ်ငန်းစီမံချက်များ ရေးဆွဲပေးခြင်း၊ စနစ်ကျသော လုပ်ငန်း စီမံခန့်ခွဲမှုစနစ်ကို ဖော်ဆောင်ပေးခြင်း (Quality Management System)၊ လုပ်ငန်းနှင့်စာရင်းများ စစ်ဆေးပေးခြင်း (Actual Auditing) တို့ကို ဆောင်ရွက်လျှက်ရှိပါသည်။

စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုများနှင့်ဆိုင်သော သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြား ဆွေးနွေးပေးလျက် ရှိရာ ထင်ရှားသောသင်တန်းအချို့မှာ GMAT၊ စီမံခန့်ခွဲသူများအတွက် မသိမဖြစ်ဘဏ္ဍာရေးပညာ၊ အရည်အသွေး ပြည့်ဝသော မန်နေဂျာ၊ CEO များအတွက် တကယ့်စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ စသည်တို့ဖြစ်ပါသည်။

သီးခြားလွတ်လပ်သော ဒါရိုက်တာတစ်ဦးဖြစ်သည့် ဒေါက်တာလဲ့လဲ့ဝင်းသည် လုပ်ငန်းနယ်ပယ်စုံ အဖွဲ့အစည်းများတွင် မဟာဗျူဟာကျကျတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးတို့တွင် ပါဝင်ဆောင်ရွက်ခဲ့သော ခိုင်မာသည့် အတွေ့အကြုံအမြောက်အများပိုင်ဆိုင်ထားသူတစ်ဦ်းဖြစ်သောကြောင့် ကော်ပိုရိတ်စီမံခန့်ခွဲမှု၊ ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းပိုင်းဆိုင်ရာအသိပညာများကို အထူးသိရှိနားလည်ထားပြီး ဖြစ်သည့် အတွက် ဘုတ်အဖွဲ့တွင် ၎င်း၏ကျွမ်းကျင်မှုများဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
သူမသည် B.Sc(Physics)ဘွဲ့ကို ၂၀၀၀ ပြည့်နှစ်တွင်လည်းကောင်း၊ M.Sc(Engineering Physics) မဟာဘွဲ့ကို ၂၀၀၂ ခုနှစ်တွင်လည်းကောင်းရရှိခဲ့ပါသည်။ သူမသည် အခြားပညာရပ်ပိုင်းဆိုင်ရာ ဘွဲ့လက်မှတ်များအဖြစ် Master of Business administration (MBA) မဟာဘွဲ့၊ Master of Development Studies (EMDevS) မဟာဘွဲ့၊ ယူကေနိုင်ငံ ပေးအပ်သည့် ACCA၊ NLP Practitioner, Master NLP Practitioner နှင့် Ph.D (Business Management) ‌ဒေါက်တာဘွဲ့ စသည်တို့ကိုလည်း ရရှိခဲ့ပါသည်။
သူမသည် ၁၉၉၅ ခုနှစ်မှစ၍ Mini Mart လုပ်ငန်း ကို လုပ်ကိုင်ခဲ့သည့်အပြင် ၂၀၁၈ ခုနှစ်မှစ၍ ၄င်းကျွမ်းကျင်သည့် Business Ethics၊ Leadership နှင့် Financial ဘာသာရပ်များအား Smart Way Education Institute တွင် သင်ကြားပို့ချပေးလျက်ရှိပါသည်။ သူမသည် မကြာသေးမီတွင် ဆေးခန်းတစ်ခု ကို ဖွင့်လှစ်လုပ်ကိုင်ခဲ့သည့်အပြင် တစ်ချိန်တည်း၌ပင် ကုမ္ပဏီများအား အတိုင်ပင်ခံဝန်ဆောင်မှုများ ပေးရန်နှင့် လုပ်ငန်းများလုပ်ကိုင်နိုင်ရေးအတွက် လုပ်ငန်းရှင်များအား လေ့ကျင့်သင်ကြားပေးနိုင်ရန် Win Business Intelligence Governance (Win BIG) အတိုင်ပင်ခံကုမ္ပဏီကို တည်ထောင်ခဲ့ပါသည်။
သူမသည်ကုမ္ပဏီအုပ်စုကြီးတစ်ခုတွင် Procurement Assistant Manager၊ Finance Manager ရာထူး များဖြင့် စတင်လုပ်ကိုင်ခဲ့ပြီး ၎င်းကုမ္ပဏီအုပ်စုကြီး၏ ကုမ္ပဏီခွဲများဖြစ်သည့် အတိုင်ပင်ခံကုမ္ပဏီတွင် General Manager အဖြစ်လည်းကောင်း၊ ရေအားလျှပ်စစ်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၊ စက်သုံးဆီ ရောင်းဝယ်ရေးကုမ္ပဏီ၊ ပြင်သစ်နှင့်ဖက်စပ်ဆောက်လုပ်ရေးကုမ္ပဏီ တို့တွင် Chief Executive Officer အဖြစ်လည်းကောင်း၊ အခြေခံအဆောက်အဦကုမ္ပဏီအုပ်စုကြီးတစ်ခုတွင် Group Chief Executive Officer အဖြစ်လည်းကောင်း အသီးသီး လုပ်ကိုင်ခဲ့ပါသည်။
လက်လီအရောင်းလုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများ နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဧရိယာများတွင် နှစ်ပေါင်း ၂၅ နှစ်ကျော် အတွေ့အကြံများအရ သူမသည် အဖွဲအစည်းအောင်မြင်ရေးအတွက် အခြားသူများနှင့် အတူမျှဝေလုပ်ဆောင်ခဲ့သည့်အပြင် ကော်ပိုရိတ် ဆိုင်ရာ ဆုံးဖြတ်ချက်များ ရိုးသားဖြောင့်မတ်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု စသော စံနှုန်းမြင့်များကို ကျင့်သုံး ဆောင်ရွက်ခဲ့သူဖြစ်ပါသည်။

ဦးထွန်းဝင်းနိုင်သည် ၁၉၉၅ ခုနှစ်တွင် ဇီဝဗေဒအထူးပြုဘာသာရပ်ဖြင့် ရန်ကုန်တက္ကသိုလ်မှ သိပ္ပံဘွဲ့ကို ရရှိခဲ့ပြီး ဂုဏ်ထူးတန်းတက်ရောက်ရန် အဆင့်မီခဲ့ပါသည်။ ဦးထွန်းဝင်းနိုင်သည် ၂၀၀၄ ခုနှစ်တွင် Zue Co. Ltd. ကို စတင်တည်ထောင်ခဲ့ပြီး Managing Director အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

၂၀၀၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ပထမပုဂ္ဂလိကဘဏ်လိမိတက်၏ ဒါရိုက်တာအဖြစ် 14 နှစ်တိုင် တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ပထမပုဂ္ဂလိကဘဏ်လိမိတက်၏ ဒါရိုက်တာအဖြစ် နောက် တစ်ကြိမ် ထပ်မံတာဝန်ထမ်းဆောင်လျက်ရှိပါသည်။

ဦးထွန်းဝင်းနိုင်သည် ၂၀၀၈ ခုနှစ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် Export/Import Procedure Cuorse ကိုလည်းကောင်း၊ ၂၀၀၉ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာမှ ဖွင့်လှစ်သည့် အခြေခံသံတမန်သင်တန်းကိုလည်းကောင်း တက်ရောက်အောင်မြင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် Myanmar Imperial College တွင် Pre Master Course (Business Studies) ကို တက်ရောက်အောင်မြင်ခဲ့ကာ Diploma and Extended Diploma လက်မှတ်များကို ရရှိခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် Professor Phillip Kotler ၏ Marketing 3.0 သင်တန်းကို တက်ရောက်အောင်မြင်ခဲ့ပါသည်။ ဦးထွန်းဝင်းနိုင်သည် ၂၀၁၆ ခုနှစ်တွင် Northampton University, UK မှ MBA ဘွဲ့ကို ရရှိခဲ့ပါသည်။

ဦးထွန်းဝင်းနိုင်သည် တံတားဦးအများပိုင်ကုမ္ပဏီလိမိတက်တွင် ဒါရိုက်တာအဖြစ် ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ဘုရင့်နောင်ဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလိမိတက်တွင် ဒါရိုက်တာအဖြစ် ၂၀၁၉ ခုနှစ်မှ ယနေ့တိုင် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

 

 

 

 

ဦးလဆန်သည် B.E (Civil) ဘွဲ့ကို ရန်ကုန်စက်မှုတက္ကသိုလ်မှ ၂၀၀၁ ခုနှစ်တွင် ရရှိခဲ့ပါသည်။ သူသည် ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်း တည်ထောင်သူနှင့် မန်နေဂျင်းဒါရိုက်တာဖြစ်ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီ၏ မှတ်ပုံတင်အကြီးတန်းအင်ဂျင်နီယာတစ်ဦးလည်း ဖြစ်ပါသည်။

ဦးလဆန်သည် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (ကချင်ပြည်နယ်) နှင့် မြန်မာအပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံ အင်ဂျင်နီယာများအဖွဲ့ (ကချင်ပြည်နယ်) တို့၏ တည်‌ထောင်သူနှင့် ယခင်ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည့်အပြင် မြန်မာလိုင်စင်ရ ကန်ထရိုက်တာများအသင်း (ကချင်ပြည်နယ်အသင်းခွဲ) နှင့် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီလိမိတက်တို့၏ တည်ထောင်သူနှင့် ဥက္ကဌအဖြစ်လည်း ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ဦးလဆန်သည် မြန်မာနိုင်ငံဆောင်လုပ်ရေးလုပ်ငန်းရှင်များအသင်း (ကချင်ပြည်နယ်) ၏ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်တစ်ဦးလည်း ဖြစ်ပါသည်။

ဦးလဆန်သည် ဖြူစင်ကုမ္ပဏီလိမိတက်တွင် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ စီမံကိန်းအင်ဂျင်နီယာအဖြစ် ဆောင်ရွက်ခဲ့ပြီး ဆန်းကမ္ဘာဆောက်လုပ်ရေးတွင် အင်ဂျင်နီယာချုပ်အဖြစ် ၂၀၀၆ ခုနှစ်မှ စတင်၍ လည်းကောင်း၊ မနောအလှကုမ္ပဏီလိမိတက်တွင် မန်နေဂျင်းဒါရိုက်တာအဖြစ် ၂၀၀၇ ခုနှစ်မှ စတင်၍လည်းကောင်း ယနေ့တိုင် ဆောင်ရွက်လျက်ရှိပါသည်။ သူသည် မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးကော်မတီဝင်အဖြစ်လည်း ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ဦးလဆန်သည် ၂၀၂၁ ခုနှစ်မှစ၍ ပထမပုဂ္ဂလိကဘဏ်လိမိတက်၏ ဒါရိုက်တာအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါသည်။ သူသည် ပထမပုဂ္ဂလိကဘဏ်၊ မြစ်ကြီးနားဘဏ်ခွဲ၏ ဘဏ်ခွဲကြီးကြပ်မှုကော်မတီဝင်အဖြစ်လည်း တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁ ခုနှစ်မှစ၍ မြစ်ကြီးနားဘဏ်ခွဲကြီးကြပ်မှုကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူ ဆောင် ရွက်လျက်ရှိပါသည်။

ဦးသိန်းမြင့်သည် ဘဏ်လုပ်ငန်းကဏ္ဍတွင် ၂၃ နှစ်ကျော် ထိတွေ့ဆက်ဆံခဲ့သည့် အတွေ့အကြုံရှိသူဖြစ်ပါသည်။ သူသည် ရန်ကုန်စက်မှုတက္ကသိုလ်မှ B.E (Mechanical) ဘွဲ့ကို ရရှိခဲ့ပြီးနောက် သူ၏ ဇာတိဖြစ်သည့် မန္တလေးမြို့တွင် သီးခြား လွတ်လပ်သည့်ဘဏ်ရာဖြတ်အဖြစ် ၁၉၉၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၁၉ နှစ်တိုင် ဆောင်ရွက်ခဲ့ပါသည်။

ဦးသိန်းမြင့်သည် နှစ်ပေါင်း ၁၀၀ ကျော်ရပ်တည်လျက်ရှိပြီး မြန်မာနိုင်ငံ၏ ရိုးရာစားသောက်ကုန်ကဏ္ဍတွင် သက်တမ်းအရှည်ကြာဆုံးနှင့် အကျော်ကြားဆုံးလုပ်ငန်းတစ်ခုဖြစ်သည့် ‘အရီးတောင်း လက်ဖက်နှင့်အကြော်စုံ လုပ်ငန်း’ ၏ ပိုင်ရှင်လည်း ဖြစ်ပါသည်။

ထို့ပြင် ဦးသိန်းမြင့်သည် ၂၀၁၈ ခုနှစ်မှစ၍ ပထမပုဂ္ဂလိကဘဏ်၏ ဒါရိုက်တာတစ်ဦးအဖြစ် ဘဏ်၏ အစုရှယ်ယာ ရှင်များမှ ရွေးကောက်တင်မြှောက်ထားခြင်းခံခဲ့ရပြီး ယနေ့တိုင် ဘဏ်၏ဒါရိုက်တာတစ်ဦးအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။

ဦးသိန်းမြင့်အနေဖြင့် ဘဏ်ရာဖြတ်အဖြစ် ကာလကြာမြင့်စွာ ပါဝင်ပတ်သက်ခဲ့မှုနှင့် မြန်မာ့ရိုးရာစားသောက်ကုန် လုပ်ငန်း၌ ၄င်း၏ ကြွယ်ဝသည့်အတွေ့အကြုံများက ပထမပုဂ္ဂလိကဘဏ်အတွက် အကျိုးဖြစ်ထွန်းစေမည့် အခွင့်အလမ်းသစ်များကို ယူဆောင်လာလျက်ရှိပါသည်။

ဦးထင်အောင်ကျော်ဦးသည် ရန်ကုန်နည်းပညာတက္ကသိုလ်မှ B.E (Electronics) ဘွဲ့ကို ရရှိခဲ့ပါသည်။ သူသည် တောင်ကြီးမြို့ရှိ Solar သောက်ရေသန့်စက်ရုံနှင့် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ Sun Sun သောက်ရေသန့် စက်ရုံနှင့် Sun Sun အောက်စီဂျင်စက်ရုံတို့၏ ပိုင်ရှင် ဖြစ်ပါသည်။

ဦးထင်အောင်ကျော်ဦးသည် ၂၀၂၃ ခုနှစ်တွင် ပထမပုဂ္ဂလိကဘဏ်လိမိတက်၏ ဒါရိုက်တာအဖြစ် ရွေးချယ် ခန့်အပ်ခြင်းခံခဲ့ရပါသည်။ သူသည် ပထမပုဂ္ဂလိကဘဏ်၊ တောင်ကြီးဘဏ်ခွဲ၏ ဘဏ်ခွဲကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်အဖြစ်လည်း ၂၀၁၀ ခုနှစ်ကတည်းက စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။

သူသည် သောက်ရေသန့်ထုတ်လုပ်မှုလုပ်ငန်းတွင် ၂၃ နှစ်ကျော် အတွေ့အကြုံရှိသူဖြစ်ပြီး အောက်စီဂျင် စက်ရုံလုပ်ငန်းတွင်လည်း ၁၅ နှစ်ကျော် အတွေ့အကြုံရှိသူဖြစ်ပါသည်။ တောင်ကြီးနှင့် ရန်ကုန်မြို့များရှိ စီးပွားရေး နယ်ပယ်တွင် သူ၏ ကျယ်ပြန့်သည့် ဗဟုသုတများနှင့် ဘဏ်လုပ်ငန်းကဏ္ဍတွင် သူ၏ကာလရှည်ကြာစွာ ပါဝင် ပတ်သက်ခဲ့မှုတို့က တောင်ကြီးဘဏ်ခွဲသာမက ပထမပုဂ္ဂလိကဘဏ်လိမိတက်တစ်ခုလုံး၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ကောင်းမွန်သည့် အခွင့်အလမ်းများကို ယူဆောင်လာပေးလျက်ရှိပါသည်။

ဦးမျိုးထွန်းသည် မန္တလေးတက္ကသိုလ်မှ ဘူမိဗေဒဘာသာဖြင့် B. Sc. ဘွဲ့ကိုရရှိခဲ့ပြီး ကမ္ဘောဇဘော်ဒါဆောင်လုပ်ငန်း နှင့် ရွှေနှင့်ကျောက်မျက်ရတနာဆိုင်လုပ်ငန်းတို့ကို တည်ထောင်လုပ်ကိုင်လျက်ရှိပါသည်။

ဦးမျိုးထွန်းသည် ၂၀၀၀ ပြည်နှစ်မှစ၍ ယနေ့တိုင် ပထမပုဂ္ဂလိကဘဏ်လိမိတက်၏ ဒါရိုက်တာအဖြစ် လည်းကောင်း၊ ပထမပုဂ္ဂလိကဘဏ်၊ အောင်ပန်းဘဏ်ခွဲ၏ ဘဏ်ခွဲကြီးကြပ်ရေးကော်မတီဥက္ကဌအဖြစ် လည်းကောင်း၊ နှစ်ပေါင်း ၂၃ နှစ်ကျော် အရေးပါသည့်အခန်းကဏ္ဍမှ တာဝန်ထမ်းဆောင်လျက်ရှိသူဖြစ်ပါသည်။ ၄၅ နှစ်ကျော် လုပ်ကိုင်ခဲ့သည့်အတွေ့အကြုံအရ ရွှေနှင့်ကျောက်မျက်ရတနာဆိုင်လုပ်ငန်းကို နှံ့နှံ့စပ်စပ်နားလည် ကျွမ်းကျင်သူလည်း ဖြစ်ပါသည်။ ထို့ပြင် မော်တော်ယာဉ်သယ်ယူပို့ဆောင်ရေးကဏ္ဍတွင်လည်း ၄၂ နှစ်ကျော် အတွေ့အကြုံရှိခဲ့သူဖြစ်ရာ ဦးမျိုးထွန်းသည် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရာတွင် မတူကွဲပြားခြားနား သည့် အတတ်ပညာနှင့် ကျွမ်းကျင်မှုတို့ကို ပိုင်ဆိုင်ထားသူဖြစ်ပါသည်။

ဦးမျိုးထွန်း၏ ကိုယ်ရေးအကျဉ်းက လုပ်ငန်းကဏ္ဍအမျိုးမျိုးတွင် ထူးခြားစွာ ပါဝင်ဆောင်ရွက်နိုင်ခဲ့သည့် သူ၏ စွမ်းဆောင်ရည်ပြည့်ဝမှုကို ညွှန်ပြလျက်ရှိပြီး ၎င်း၏ ထူးချွန်မှုနှင့် ဦးဆောင်နိုင်စွမ်းရှိမှုတို့ကို ဖော်ပြနေပါသည်။ ဦးမျိုးထွန်း၏ အတွေ့အကြုံများမှာ ပထမပုဂ္ဂလိကဘဏ်အတွက် လွန်စွာအဖိုးထိုက်တန်လှပါသည်။

ဦးသိန်းလွင်သည်နိုင်ငံတော်အဖွဲ့အစည်း၊ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းများဖြစ်သည့်ဟိုတယ်လုပ်ငန်း၊ အဆောက် အဦးတည်ဆောက်ရေးလုပ်ငန်း၊ကုန်ပစ္စည်းဖြန့်ဖြူးရောင်းဝယ်ရေးလုပ်ငန်း၊ရေအားလျှပ်စစ်အကောင်အထည်ရေးလုပ်ငန်း၊ဆက်သွယ်ရေးလုပ်ငန်း၊ဘဏ်လုပ်ငန်း၊စာရင်းစစ်ဆေးခြင်းလုပ်ငန်းနှင့်ကွန်ပြူတာဆော့ဝဲများထုတ်လုပ်ခြင်းကဲ့သို့သောစီးပွားရေးလုပ်ငန်းပေါင်းစုံတွင်စီမံခန့်ခွဲမှုတာဝန်အဆင့်ဆင့်တွင်တာဝန်ထမ်းဆောင်ခဲ့ ပြီးစာရင်းကိုင်၊ ဘဏ္ဍာရေးနှင့်ငွေရေးကြေးရေး၊ ဘဏ်လုပ်ငန်း၊စာရင်းစစ်၊ ကွန်ပြူတာအသုံးပြု စနစ်များ အကောင်အထည် ဖေါ်ခြင်းစသည့်အသက်မွေးဝမ်းကြောင်းလုပ်ငန်းများတွင်နှစ်ပေါင်း(၃၆) နှစ်ကျော်အတွေ့အကြုံ ရှိသူဖြစ်ပါ သည်။

ဦးသိန်းလွင်သည် B.Com ဘွဲ့ကို ၁၉၈၃ ခုနှစ်တွင်ရန်ကုန်စီးပွားရေးတက္ကသိုလ်မှရရှိခဲ့ပြီး၊ မြန်မာနိုင်ငံစာရင်း ကောင် စီကပေးအပ်သော Certified Public Accountant (CPA) လက်မှတ်ကို 1986 တွင်ရရှိခဲ့ပါသည်။ မြန်မာနိုင် ငံစာရင်းကောင်စီကထုတ်ပေးသည့် “Professional Accountant in Public Practice” လက်မှတ်ကိုင် ဆောင်ခွင့်ရှိ ထားသည့် Full-Fledged Certified Public Accountant လည်းဖြစ်ပါသည်။ Corporate Finance Institute (CFI) ကပေးအပ်သည့် Financial Modelling and Valuation Analyst (FMVA) Certificate ကိုလည်း ရရှိထားပါသည်။ ဦးသိန်းလွင်သည်လက်ရှိအားဖြင့် Value Growth Consulting Ltd. ကုမ္ပဏီ၏ တည်ထောင်သူနှင့်အမှုဆောင် အရာရှိချုပ်ဖြစ်ပါသည်။

ထို့အပြင်ဦးသိန်းလွင်သည်မြန်မာနိုင်ငံရှိဘဏ်ကြီးတစ်ခုတွင်စတင်တည်ထောင်ချိန်မှစ၍ဘဏ္ဍာရေးအရာရှိချုပ်တာဝန်၊ဒုတိယအမှုဆောင်အရာရှိချုပ်၊အမှုဆောင်အရာရှိချုပ်စသည့်စီမံခန့်ခွဲမှုအဆင့်တာဝန်များကို ၂၀၁၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ (၇) နှစ်ကျော်ကြာတာဝန်ထမ်းဆောင်ခဲ့ပါသည်။ဦးသိန်းလွင်သည်စီးပွားရေး လုပ်းငန်းပေါင်းစုံ လုပ်ကိုင်သည့် Group of Companies တစ်ခုတွင်တွင်လည်း ၂၀၀၈ ခုနှစ် မှစ၍ Group Finance Director အဖြစ် (၇) ခန့်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့အပြင်မြန်မာနိုင်ငံရှိကြယ်(၅)ပွင့်အဆင့်ရှိဟိုတယ်ကြီးတစ်ခုတွင် New World Management Ltd. (Hong Kong), Marriott International Ltd. (USA) and Dusit Thani Hotel Group (Thailand) စသည့်နိုင်ငံတကာဟိုတယ်လုပ်ငန်းစီမံခန့်ခွဲမှုကုမ္ပဏီများ၏စီမံခန့်ခွဲမှုအောက်တွင်  Financial Controller အဖြစ် ၁၉၉၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ (၁၂) ခန့်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ဦးသိန်းလွင်အနေဖြင့်ဆော့ဝဲထုတ်လုပ်သည့်ကုမ္ပဏီကြီးတစ်ခုတွင်လည်းတွင်ကွန်ပြူတာဆော့ဝဲများရေးသားသူအဖြစ်လည်းကောင်း ၊ကွန်ပြူတာဆော့ဝဲစနစ်ရေးသားရန်ဒီဇိုင်းနှင့်လိုအပ်ချက်များရေးဆွဲသူအဖြစ်လည်းကောင်း၊ အဆိုပါဆော့ဝဲကုမ္ပဏီကဖွင့်လှစ်သော ကွန်ပြူတာအသုံးပြုစာရင်းကိုင်သင်တန်းတွင်သင်တန်းဆရာအဖြစ်လည်း ကောင်းစသည့်တာဝန်များကို ၁၉၉၄ ခုနှစ်မှစ၍ ၁၉၉၇ ခုနှစ်အထိ (၃) နှစ်နီးပါးတာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဦးသိန်းလွင်သည် ၁၉၈၇ ခုနှစ်တွင် မြန်မာနိုင်ငံစာရင်းချုပ်ရုံးတွင် စာရင်းစစ်အဖြစ် လည်းကောင်း၊ ၁၉၉၄ မှ ၁၉၉၆  အထိအများနှင့်ဆိုင်သောစာရင်းစစ် ( Practicing Auditor) အဖြစ်လည်းကောင်း (၃) နှစ်ခန့်ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင်နိုင်ငံပိုင်အဖွဲ့အစည်းတစ်ခုဖြစ်သောမြန်မာ့လျှပ်စစ်ဓါတ်အားလုပ်ငန်းတွင် ဌာနခွဲမှုး/လက်ထောက်ဘဏ္ဍာ ရေးမှူးအဖြစ် ၁၉၈၇ မှ ၁၉၉၄ အထိ (၇)နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ဒေါ်လှလှဝင်းသည် တရားရုံးချုပ်ရှေ့နေ ဖြစ်ပါသည်။ ၁၉၉၂ ခုနှစ်မှစ၍ ပထမပုဂ္ဂလိကဘဏ်၏ အစုရှယ်ယာရှင်ဖြစ်ပြီး မန္တလေးမြို့မှ ချေးငွေလျှောက်ထားသူများအတွက် ဘဏ်အကျိုး‌ဆောင်ရှေ့နေ အဖြစ်ဆောင်ရွက်ပေးခဲ့ပါသည်။ ၁၉၉၅ ခုနှစ် မန္တလေးဘဏ်ခွဲ စတင်ဖွင့်လှစ်သည့်အချိန်တွင် မန္တလေး ဘဏ်ခွဲ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။

၁၉၉၉ ခုနှစ်တွင် ပထမပုဂ္ဂလိကဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ဒါရိုက်တာအဖွဲ့ အတွင်းရေးမှူးအဖြစ် ၁၉၉၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်ထိ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

၂၀၀၃ခုနှစ်တွင် အမှုဆောင်ဒါရိုက်တာအဖြစ် ဒါရိုက်တာအဖွဲ့မှတာဝန်ပေးအပ်ခဲ့ပါသည်။

၂၀၀၃ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အမှုဆောင်ဒါရိုက်တာအဖြစ် ပထမပုဂ္ဂလိကဘဏ်၏ စီမံခန့်ခွဲရေးအဖွဲ့ကို ဦးဆောင်ပြီး ဘဏ်စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းအဝဝနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များကို စီမံခန့်ခွဲရေးအဖွဲ့ နှင့်အတူ စီမံဆောင်ရွက်ခဲ့ပါသည်။

၂၀၂၂ ခုနှစ်မှ လက်ရှိ အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်လျှက်ရှိပါသည်။

ဦးကျော်တင်သည် ၁၉၇၅ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ B. Com ဘွဲ့ကို ရရှိခဲ့ပြီး လက်မှတ်ရပြည်သူ့ စာရင်းကိုင်တစ်ဦးဖြစ်ရန် လိုအပ်ချက်ဖြစ်သည့် အလုပ်သင်စာရင်းကိုင်နှင့် စာရင်းစစ်အဖြစ် သက်မွေးဝမ်းကျောင်း လုပ်ငန်းကို အစပြုခဲ့ပါသည်။ ၁၉၇၈ ခုနှစ်တွင် လက်မှတ်ရပြည်သူ့စာရင်းကိုင်ဖြစ်လာခဲ့ပြီး ၎င်း၏ အတွေ့အကြုံ များတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်နှင့် နိုင်ငံပိုင် မြန်မာ့ရေနံကော်ပိုရေးရှင်း (ယခု မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း) ဌာနများအား စာရင်းစစ်ဆေးခြင်းတို့ ပါဝင်ခဲ့ပါသည်။
ဦးကျော်တင်သည် ၁၉၇၇ ခုနှစ်တွင် ထင်ရှားသည့် မြန်မာစာရင်းကိုင်လုပ်ငန်းတစ်ခုဖြစ်သည့် ဦးလှထွန်းအုပ်စုတွင် စာရင်းစစ်အဖြစ် အလုပ်စတင်ဝင်ရောက်ခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် အလုပ်မှနှုတ်ထွက်ခဲ့ချိန် မတိုင်မီအထိ အကြီးတန်း စာရင်းစစ်နှင့် စာရင်းစစ်အဖွဲ့ခေါင်းဆောင်ရာထူးများသို့ တိုးမြှင့်ခြင်းခံခဲ့ရပါသည်။
၁၉၈၃ ခုနှစ်တွင် စစ်ဆေးခြင်း၊ မှန်ကန်ကြောင်းအတည်ပြုခြင်း၊ စာမေးပွဲစစ်ဆေးပေးခြင်းနှင့် ထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်း ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသည့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့အခြေစိုက် SGS S.A. ၏ မြန်မာရုံးခွဲတွင် ဘဏ္ဍာရေးမန်နေဂျာအဖြစ် အလုပ်ဝင်ရောက်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် အထွေထွေမန်နေဂျာ အဖြစ်လည်းကောင်း ၂၀၀၂ ခုနှစ်တွင် မြန်မာရုံးခွဲ၏ အကြီးအကဲအဖြစ်လည်းကောင်း အသီးသီးတာဝန်ယူ ဆောင် ရွက် ခဲ့ပါသည်။ စီးပွားရေးအသိုင်းအဝိုင်းနှင့် အစိုးရ ဝန်ကြီးဌာနများအကြား သူ၏ ထင်ပေါ်ကြော်ကြားမှုကြောင့် ဆွစ်ဇာလန်နိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ၂၀၁၂ ခုနှစ်အထိ ခန့်ထားခြင်းခံခဲ့ရပါသည်။
ဦးကျော်တင်သည် SGS တွင် လုပ်ကိုင်နေစဉ်မှာပင် သူ၏ စာရင်းကိုင်ပညာရှင်တစ်ဦးအဖြစ် ဆက်လက်ရပ်တည် သွားရန် မိတ်ဆွေဖြစ်သည့် CPA တစ်ဦးဖြစ်သူ ဦးကျော်မင်းနှင့်အတူ ‘ကျော်နှင့်ကျော်လက်မှတ်ရစာရင်းကိုင်များ’ လုပ်ငန်းကို တည်ထောင်ခဲ့ပါသည်။ ဦးကျော်တင်သည် ၂၀၁၆ ခုနှစ်တွင် အခြား CPA လုပ်ဖော်ကိုင်ဖက် (၃) ဦးနှင့် အတူ V Advisory Ltd. ကို တည်ထောင်ခဲ့ပြီး ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ သို့ရာတွင် ၂၀၂၀ ခုနှစ် တွင်မူ စာရင်းစစ်လုပ်ငန်းဖြစ်သည့် ‘ကျော်နှင့်ကျော်’ သို့ ပြန်လည်တာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်ခဲ့ပါသည်။
ဦးကျော်တင်သည် သူ၏အတွေ့အကြုံများအား ဦးလှထွန်းကင်ဆာဆေးရုံဖောင်ဒေးရှင်း၊ ရန်ကုန်ရွက်လှေကလပ်၊ မြန်မာစီးပွားရေးတက္ကသိုလ်ဘွဲ့ရများအသင်းတို့ အပါအဝင် လူမှုရေး၊ အားကစားနှင့် ပညာရပ်ဆိုင်ရာ အသင်းအဖွဲ့ များသို့ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။ လက်ရှိတွင် သူသည် မြန်မာလက်မှတ်ရစာရင်းကိုင်များအသင်း ၏ဥက္ကဌအဖြစ် ၂၀၁၆ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး Executive Board Member အဖြစ် ယနေ့တိုင် ဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံတော်အဆင့် ကြီးကြပ်အုပ်ချုပ်သည့်အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံစာရင်းကိုင်ကောင်စီ တွင် လည်း အဖွဲ့ဝင်အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် ဦးကျော်တင်သည် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများကြီးကြပ်ရေးကောင်စီတွင် ကောင်စီဝင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါသည်။